တရုတ် - မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှင့်ပတ်သက်သည့် သတင်းများပေးပို့လိုပါက www.cnpc.com@gmail.com သို့ပေးပို့ဆက်သွယ်နိုင်ပါသည် ။

Wednesday, February 23, 2011

တရုတ် - မြန်မာ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းများက ပြောသော ပထဝီ နိုင်ငံရေး စီးပွားရေး


By The Voice Weekly 23 February, 2011 - 13:38

စီးပွားအလျင်အမြန် တိုးတက်နေပြီး စက်မှုအမြန် ဖွံ့ဖြိုးနေသော ကမ္ဘာ့ စက်ရုံကြီးအဖြစ် ကမ္ဘာကလိုအပ်သမျှ ထုတ်ပေးနေသည့်

တရုတ်နိုင်ငံသည် စွမ်းအင် အလွန်ဆာလောင်နေပြီး  နောင်တွင်လည်း ယခုလိုအပ်သည်ထက် ဆတက်ထမ်းပိုးတိုးကာ

စွမ်းအင်လိုအပ်သွားမည် ဖြစ်သောကြောင့် စွမ်းအင်ရှာပုံတော် အပူတပြင်းဖွင့်နေရာ တရုတ် - မြန်မာ ရေနံသဘာဝဓာတ်ငွေ့

ပိုက်လိုင်းများတွင် ပထဝီနိုင်ငံရေး စီးပွားရေး သဘောတရားများကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ စွမ်းအင်မူဝါဒသည်

နိုင်ငံများစွာတွင် ဦးစားပေးမူ ဝါဒအဖြစ် ဖော်ဆောင်ထားပြီး စွမ်းအင် တင်သွင်းရသည့် စက်မှုနိုင်ငံများတွင် အထူးအလေးပေး

စောင့်ကြည့်ရသည့် မူဝါဒဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များက ရေနံရောင်းနိုင်ငံများအဖွဲ့က ရေနံသပိတ်မှောက်မှုကြောင့်

ဂျပန်နှင့်တကွ ရေနံတင်သွင်းသည့် စက်မှုအင်အားကြီး နိုင်ငံများ၏ စီးပွားရေး ကမောက်ကမ ဖြစ်သွားကတည်းက

နိုင်ငံအများသည် စွမ်းအင်ကဏ္ဍကို အလေးပေး တည်ဆောက်ခဲ့ကြသည်။ မိမိနိုင်ငံအတွက် လိုအပ်သည့် စွမ်းအင်ရင်းမြစ်များ

ပြည်တွင်းပြည်ပတွင် ရှာဖွေရေး၊ စွမ်းအင်လာမည့်လမ်းကြောင်းများ လုံခြုံစိတ်ချရမှု ရှိရေး၊ လိုအပ်သည့် စွမ်းအင်ပမာဏ

ပုံမှန်ရရှိနေရေး၊ စွမ်းအင်ပုံစံ တစ်မျိုးတည်း၊ စွမ်းအင်ရင်းမြစ် တစ်ခုတည်းကို အားမကိုးဘဲ ဖြန့်ကြက်ထားခြင်းသည် စွမ်းအင်မူဝါဒ၏

အခြေခံများဖြစ်သည်။

ကမ္ဘာ့စက်ရုံကြီး (World's Factory)ဟု တင်စား ခေါ်ဝေါ်ရလောက်အောင် ကုန်ပစ္စည်း အများအပြားကို ထုတ်လုပ် တင်ပို့နေသည့်

တရုတ်နိုင်ငံသည် ကမ္ဘာတွင် စွမ်းအင်ကို ဒုတိယအများဆုံး ဝါးမျို စားသုံးသူဖြစ်ကာ စွမ်းအင်ရင်းမြစ်များနှင့် သယ်ယူပို့ဆောင်ရေး

လမ်းကြောင်းများကို အစဉ်တစိုက် ရှာဖွေနေရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့်

တရုတ်နိုင်ငံသည် စွမ်းအင်ဆိုင်ရာ စီမံကိန်းများဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး စီမံကိန်းများ၊ ရေအားလျှပ်စစ်

ထုတ်လုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။

ရွှေသဘာဝဓာတ်ငွေ့တွင်းမှ ထွက်ရှိမည့် မြန်မာ့ဓာတ်ငွေ့ကိုရောင်းဝယ်ရန် ဒေဝူး နိုင်ငံတကာ ကော်ပိုရေးရှင်း ဦးဆောင်သော

အုပ်စုနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီ China National Petroleum Corporation CNPC တို့၏ ၂၀၀၉ ခုနှစ်တွင်

သဘောတူညီချက်အရ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အုပ်စုတွင် ဒေဝူး အပြင် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း Myanmar Oil and Gas Enterprise MOGE အိန္ဒိယနိုင်ငံမှ GAIL နှင့် ONGC

တို့လည်းပါဝင်နေသည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းနှင့် ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံ တန်ဖိုးရှိ ဓာတ်ငွေ့ပိုက်လိုင်း

ဖောက်လုပ်ရန် ၂၀၀၈ ခုနှစ်အတွင်း နှစ်နိုင်ငံ သဘောတူညီခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်

တည်ဆောက်ခဲ့သည်။ CNPC က ၅၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် MOGE က ၄၉ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး CNPC က

ပိုက်လိုင်း ဒီဇိုင်းရေးဆွဲခြင်း၊ ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် ပိုက်လိုင်း စီမံကွပ်ကဲခြင်းတို့ကို လုပ်ဆောင်မည် ဖြစ်သည်။ ပိုက်လိုင်း

နှစ်ခုလုံးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် စတင်မည်ဖြစ်ပြီး မန္တလေး၊ လားရှိုး၊ မူဆယ်မှ တစ်ဆင့်

တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။ ၆၉၀ မိုင် ရှည်လျားသည့် ရေနံပိုက်လိုင်းသည်

တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းဒေသ (အနောက်အာရှ) နှင့် အာဖရိကမှ ရေလမ်းဖြင့် ဝယ်ယူလာသည့် ရေနံစိမ်း တစ်နှစ်လျှင်

တန် ၂၂ သန်းကို ပို့ဆောင်ပေးရန် ရည်ရွယ်သည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ရွှေလုပ်ကွက်များ (A-1 နှင့် A-3

သဘာဝဓာတ်ငွေ့လုပ်ကွက်များ) မှ ထွက်ရှိသည့် ဓာတ်ငွေ့များမှ နှစ်စဉ် ၁၂ ဘီလီယံ ကုဗပေကို တရုတ်နိုင်ငံသို့ နှစ်စဉ်ပို့ပေးရန်

ရည်ရွယ်သည်။ တန်သုံးသိန်းရှိသည့် ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်း၊ ရေနံကုဗပေ ခြောက်သိန်း

သိုလှောင်ထားနိုင်မည့် သိုလှောင်ကန်တို့ကို ကျောက်ဖြူတွင် တည်ဆောက်သွားမည် ဖြစ်သည်။ ပိုက်လိုင်းကို သုံးစွဲရေနံဖြတ်သန်း

သယ်ဆောင်ခ (Transit Fee) အနေဖြင့် မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ဒေါ်လာ ၁၄ သန်းခန့်ရပြီး စုစုပေါင်းအားဖြင့် ပိုက်လိုင်း

ဖြတ်သန်းခနှင့် ပိုက်လိုင်းဖြတ် ဓာတ်ငွေ့ ရောင်းချရမှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း ရရှိမည်ဟု

ခန့်မှန်းထားကြသည်။ ဓာတ်ငွေ့ဈေးနှုန်းကို ကမ္ဘာ့ပေါက်ဈေးနှင့် အညီဖြစ်စေရန် သုံးလတစ်ကြိမ် ညှိနှိုင်းသွားမည်ဟု ဒေဝူး

နိုင်ငံတကာ ကော်ပိုရေးရှင်းက ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် ပြောဆိုထားသည်။  

ဘေးချင်းယှဉ်လျက် အပြိုင်တည်ဆောက်သွားမည့် ထိုပိုက်လိုင်း နှစ်လိုင်းသည် တရုတ်နိုင်ငံတွင်းသို့ မြန်မာနှင့် ယူနန်ပြည်နယ်

နယ်စပ် ရွှေလီမြို့တွင် ဝင်ရောက်မည်ဖြစ်ကာ  ရေနံပိုက်လိုင်းသည် ယူနန်မြို့တော် ကူမင်းတွင် လမ်းဆုံးမည်ဖြစ်ပြီး ၂၈၀၆

ကီလိုမီတာ (၁၁၂၃ မိုင်) ရှည်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာမူ ကွေ့ကျိုးနှင့် ကွမ်ရှီးပြည်နယ်များအထိ ဆက်လက်

ရောက်ရှိမည်ဖြစ်သည်။ ယခု စွမ်းအင်ပိုက်လိုင်းများသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်ခဲ့သော တရုတ်နိုင်ငံ၏

အနောက်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး (Western Development) ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

စွမ်းအင်ဖြန့်ကြက်ခြင်း

တရုတ်နိုင်ငံသည် နိုင်ငံစီးပွားရေး၏ အသက်သွေးကြောဖြစ်သော စွမ်းအင်ကဏ္ဍကို ဖြည့်ဆည်းရာတွင် နည်းလမ်းတစ်ခုတည်း၊

ရင်းမြစ်တစ်ခုတည်း၊ လမ်းကြောင်းတစ်မျိုးတည်းကို ပုံသေ မစွဲကိုင်ဘဲ တစ်ခုမဟန်က တစ်ခုကျန်အောင် မျိုးစုံအောင်

Diversification of Energy တည်ဆောက်နေသည်။ ကျောက်ဖြူ ရေနံပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသည်

တရုတ်နိုင်ငံ ရရှိနေသည့် အခြားလမ်းကြောင်းများဖြစ်သည့် ဗဟိုအာရှ၊ ရုရှားတို့မှ စွမ်းအင် လမ်းကြောင်းများအပြင် ဂယ်ပေါက်

လမ်းကြောင်းအဖြစ်ပါ ကြံဆထားခြင်း ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ်နိုင်ငံတွင်းသို့ ဂျပန်သိမ်းထားသည့်

အရှေ့ဘက် ကမ်းရိုးတန်းမှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ ထောက်ပံ့ရန် မရနိုင်တော့သဖြင့် မြန်မာလမ်းမကြီး Burma Road

ကိုတည်ဆောက်ကာ ယူနန်ပြည်နယ်မှ တစ်ဆင့် အရေးပေါ် ထောက်ပံ့ခဲ့ရသည့် ဖြစ်ရပ်မှာ တရုတ်နိုင်ငံကဲ့သို့

ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံ၏ သက်တမ်းနှင့် ယှဉ်ကြည့်လျှင် ပူပူနွေးနွေးသာ

ရှိနေပေသေးသည်။

မိမိ၏ အသက်သွေးကြော ဖြစ်သည့် စွမ်းအင်လမ်းကြောင်းများကို အခြားနိုင်ငံတစ်နိုင်ငံမှ ဖြတ်သန်းခြင်းမှာ

များစွာစွန့်စားရသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်၏ နီးကပ်သော ဆက်ဆံရေးကြောင့် ယခုကဲ့သို့ အကောင်အထည် ပေါ်လာခြင်း

ဖြစ်သည်။ စွမ်းအင်ကဏ္ဍ လုံခြုံရေး Energy Security သည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး National Security ပင်

ဖြစ်နေချိန်တွင် တရုတ်နိုင်ငံအတွက် လိုအပ်နေသော စွမ်းအင်အနက် အများအပြားသည် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကမှ

ရေနံများကို မလက္ကာရေလက်ကြားမှ ဖြတ်ကာ သယ်ယူနေရသည်။ မလက္ကာရေလက်ကြားသည် ကျဉ်းမြောင်းပြီး ပင်လယ်ဓားပြ

အန္တရာယ်လည်း ရှိနေသည်။ ထိုစွမ်းအင်လမ်းကြောင်းကို မလက္ကာရေလက်ကြားမှ ဖြတ်ကာပိတ်ဆို့လိုက်ရုံနှင့် တရုတ်ပြည်၏

စွမ်းအင်ကဏ္ဍ၊ ထိုမှတစ်ဆင့် စီးပွားရေးကို ထိခိုက်မည်ဖြစ်သည်။

ကျောက်ဖြူလမ်းကို ရွေးခြင်းဖြင့် ကီလိုမီတာ ၃၀၀၀ ခန့် သက်သာသွားမည်ဖြစ်ပြီး စရိတ်စက သက်သာလာနိုင်သလို

အန္တရာယ်များသော မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည်။ စွမ်းအင်သည်လည်း အချိန်တိုအတွင်း တရုတ်နိုင်ငံ

အတွင်းရောက်ရှိမည် ဖြစ်သည်။ ပထဝီဝင် သဘောအရ Time နှင့် Space ကို ချုံ့လိုက်ခြင်းဖြစ်သည်။ “ကြက်ဥအားလုံးကို

ခြင်းတစ်ခြင်းတွင်းသို့ မထည့်ရ။” ‘Don’t put all eggs in one basket’ အရ တရုတ်နိုင်ငံတွင်းသို့ စွမ်းအင် အဝင်လမ်းကြောင်း

အဓိကလမ်းကြောင်း တစ်ကြောင်း ရသွားမည် ဖြစ်သည်။ တရုတ်ပြည် အရှေ့ဘက်ကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာကိုသာ

သုံးစွဲနိုင်သောကြောင့် ပထဝီဝင် နိုင်ငံရေး သဘောတရားအရ သမုဒ္ဒရာ တစ်စင်းနိုင်ငံ Single-Ocean State အဆင့်သာ

ရှိနေခဲ့သည်။

ပင်လယ်ရေကြောင်း အင်အားကြီးနိုင်ငံဖြစ်ရန် သမုဒ္ဒရာများနှင့် ဆက်စပ်နိုင်သမျှ ဆက်စပ်ရမည်ဖြစ်ရာ အိန္ဒိယ သမုဒ္ဒရာကိုပါ

အသုံးပြုနိုင်ပါက အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်စပ်ပေးမည့် တရုတ်ပြည်၏ သမုဒ္ဒရာနှစ်စင်း သီအိုရီ (Two Oceans

Theory) အကောင်အထည် ပေါ်သွားမည် ဖြစ်သည်။ အရေးအကြောင်း ဒေသတွင်း သို့မဟုတ် ဒေသပြင်ပမှ အင်အားကြီး

နိုင်ငံများနှင့် တရုတ်နိုင်ငံ ထိပ်တိုက်တွေ့လျှင် သမုဒ္ဒရာ နှစ်စင်းနှင့် ဆက်စပ်ထားပါက မိမိ၏ လုံခြုံရေးကို ပိုမို အာမခံနိုင်မည်

ဖြစ်သည်။  တရုတ်သမ္မတ ဟူကျင်တောင်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကို ကုန်သွယ်ရေးဖြင့် ဖော်ဆောင်မည်ဟု မဟာဗျူဟာ

ချမှတ်ထားရာ ကုန်သွယ်ရေး နိုင်ငံဖြစ်လာသော တရုတ်နိုင်ငံသည် ပင်လယ်ရေကြောင်းကဏ္ဍကို အားပြုရန် လိုအပ်သည်။

တရုတ်-မြန်မာ ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ကမ္ဘာ့အဆင့် ပေါကြွယ်ဝခြင်း၊

အိန္ဒိယ သမုဒ္ဒရာနှင့် မိုင် ၁၃၀၀ ကျော် ဆက်စပ်နေခြင်း၊ ရေနက်ဆိပ်ကမ်းကောင်းများရှိခြင်းနှင့် မဟာအင်အားကြီးနိုင်ငံ အဆင့်သို့

လှမ်းတက်ရန် ဟန်ပြင်နေသည့် စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ရှည်လျားစွာ ဆက်စပ်နေခြင်း ဟူသော မြန်မာ့

ပထဝီဝင် နိုင်ငံရေး၊ ပထဝီဝင် စီးပွားရေး စရိုက် လက္ခဏာများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း တွေ့မြင်ရသည်။ ထိုစရိုက်

လက္ခဏာများတွင် ပထဝီဝင် နိုင်ငံရေး စွန့်စားရမှုများနှင့် ပထဝီဝင် နိုင်ငံရေး အားသာချက်များ Geopolitical Advantages

တွဲပါနေသောကြောင့် သေချာစွာ တွက်ချက်နိုင်ပါက Geoeconomic Benefits ပထဝီဝင် စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်မည်

ဖြစ်သည်။

ဇေယျသူ
back to top